ဘဏ္ဍာရေးနှင့် စီမံကိန်း ပြည်ထောင်စုဝန်ကြီးနှင့် ယနေ့တွေ့ဆုံဆွေးနွေးချက်များ

ဘဏ္ဍာရေးနှင့် စီမံကိန်း ပြည်ထောင်စုဝန်ကြီးနှင့် ယနေ့တွေ့ဆုံဆွေးနွေးချက်များ

စားသုံးဆီ၊ လျှပ်စစ်၊ အသေးစားချေးငွေနှင့် လက်လီလက်ကားရောင်းဝယ်ရေးကဏ္ဍများတွင် တွေ့ကြုံနေရသည့် စိန်ခေါ်ချက်များဖြေရှင်းနိုင်ရေးအတွက် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ကုန်သည်စက်မှုအသင်းချုပ် ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကိုယ်စားလှယ်များ ယနေ့ ကုန်သည်စက်မှုအသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

စားသုံးဆီဈေးကွက်အခြေအနေ၊ စားသုံးဆီ ကုန်သွယ်မှု၊ ဆီစက်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှု၊ ဈေးကွက်အတွင်းရှိ ဆီအတုအပများ၊ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကဏ္ဍနှင့် ပူးပေါင်းလုပ်ဆောင်ရေး၊ လက်လီလက်ကားဈေးများ ဖွံ့ဖြိုးလာစေရေး၊ အသေးစားငွေချေးလုပ်ငန်းများနှင့် အာမခံလုပ်ငန်းများဖွံ့ဖြိုးလာစေရေး၊ E Governance နှင့် Data လုံခြုံရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင်နိုင်မည်များကို ညှိုနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များအကျဉ်းချုပ်

စားသုံးဆီကဏ္ဍ

(ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူနှင့် ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးတို့၏ ဆွေးနွေးချက်များ)

ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက်ပါ ဆီထွက်သီးနှံ လုံလောက်အောင်စိုက်ပျိုးနိုင်ရေး၊

စားသုံးဆီထုတ်ကုန်ကြမ်းများ ရရှိနိုင်ရေးတွင် အစေ့လိုက်အဆန်လိုက်နိုင်ငံခြားသို့တင်ပို့နေသူများနှင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အပြိုင်ဝယ်ယူနိုင်စွမ်းရှိလာရေး

သိုလှောင်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်းတို့တွင် စက်ပစ္စည်းအားနည်း၊ ဈေးကွက်တွင်းရှိ စားသုံးဆီအတုများနှင့်မယှဉ်နိုင်သဖြင့် ဆီစက်ထုတ်လုပ်ငန်းလုပ်လိုသူများနည်းပါးနေ၍ အားပေးနိုင်ရေး

မြေပဲ၊ နှမ်းစသည့် ကုန်ကြမ်းများ ပေါ်ချိန်တွင် ဈေးအဆမတန်ကျခြင်းအား ထိန်းချုပ်နိုင်ရေး

FDA စစ်ဆေးမှုပိုမိုမြန်ဆန်စေနိုင်ရေး

(ပြည်ထောင်စုဝန်ကြီး)

စိုက်ပျိုးရေးအတွက် ဝန်ကြီးဌာန၏ Research & Development ဘဏ္ဍာငွေလျာထားမှုရှိ၊ ချေးငွေနှင့် ကုန်ကြမ်း၊ စက်ပစ္စည်းရအောင်၊ ကုန်ကြစရိတ်သက်သာစွာ ထုတ်ကုန်တိုးမြှင့်နိုင်အောင် ကူညီပေးမည်။ အစိုးရနဲ့ contract farming လုပ်ချင်လျှင် စီစဉ်ပေးမည်၊ ချေးငွေစီစဉ်နေပြီး လာမည့်နှစ်မြေပဲတိုးစိုက်နိုင်အောင် ကူညီပေးမည်၊ လုပ်ငန်းစီမံချက်တင်ပါ၊ စိစစ်ခွင့်ပြုကာ မြေနေရာ စီစဉ်ပေးသွားမည်။ ဈေးနှုန်းကျခြင်းထိန်းနိုင်ရန် Revolving Fund ထူထောင်ကူညီမည်။ FDA စစ်ဆေးမှု မြန်ဆန်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိုနှိုင်းပြီးပြီ။ နည်းပညာအထောက်အပံအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိုနှိုင်းပေးမည်။

မတ်လမှစတင်ပြီး Illegal trade checkpoint တွေ သေချာချမှတ်ကာ၊ ဖိဖိစီးစီးစစ်ဆေးမည်။ စီးပွား-ကူးသန်းနှင့်ဆိုင်သည့် bilateral trade ဆိုင်ရာစာချုပ်များ ပြန်ညှိမည်။ အဆင့်သုံးဆင့်ချမှတ်ပြီး မတ်လတွင်စတင်မည်။ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန် သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ကြေညာမည်။ ပြောင်းလဲရန် အချိန်ပေးမည်။

ဆီလုပ်ငန်းရှင်တွေမှလည်း ရောနှောပါဝင်မှုကို အတိအကျကြေညာပြီး ပွင့်လင်းရိုးသားစွာ ရောင်းချပါ။စားသုံးသူများအား ရွေးချယ်ခွင့်ပေးမည်။ FDA ကို တင်သည်နှင့် လက်တွေ့ရောင်းချနေသည့် ကုန်ပစ္စည်းမတူညီလျှင် လုပ်ငန်းပိတ်သည်အထိ ပြတ်သားစွာ အရေးယူမည်။

ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအားကဏ္ဍ

(ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေး၊ ကုန်သည်စက်မှုအသင်းချုပ် နာယက ဦးချစ်ခိုင်နှင့် ကုန်သည်စက်မှုအသင်းချုပ် CEC ဦးအောင်ဇော်နိုင် တို့၏ ဆွေးနွေးချက်များ)

ဧရာဝတီတိုင်းဒေသကြီးတွင် ရေနက်ဆိပ်ကမ်းများ၊ အဆင့်မြင့်လမ်းမကြီးများ၊ မီးရထားလမ်းများ၊ လျှပ်စစ်စက်ရုံများ ဆောက်လုပ်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်ရေး

သီလဝါ SEZ အနီးနားတွင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေးစီမံကိန်း စတင်အကောင်အထည်ဖော်နိုင်ရေး၊

မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးတွင် ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပါဝင်လာနိုင်ရေး၊ လျှပ်စစ်သွယ်တန်းရေးနှင့် ဖြန့်ဖြူးရေးတွင် ပုဂ္ဂလိကပါဝင်မှုဆောင်ရွက်ပေးပါက လုပ်ငန်းတစ်ခုတည်းမှ လက်ဝါးကြီးအုပ်မည့် အခြေအနေဖြစ်ပေါ်မလာစေရေး

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ ပုံမှန်ရရှိရေး

(ပြည်ထောင်စုဝန်ကြီး)

ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံလိုသည်များအား MIC သို့တင်ပြပါ။ လျှပ်စစ်ထုတ်လုပ်ရေးတွင် Win Turbine များ၊ Wave Technology များ အသုံးပြုထုတ်လုပ်ရေးတွင်ပါ ရင်းနှီးမြှုပ်နှံစေချင်သည်။

ပြည်နယ်နှင့်တိုင်းများတွင် လျှပ်စစ် 30 MW သာ ထုတ်လုပ်ရေး သတ်မှတ်ချက်အားပြင်ဆင်ရန် ဆွေးနွေးပြီး။ ရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုသွားမည်။ အစိုးရဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများအားလုံးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည်။

လျှပ်စစ်ကဏ္ဍတိုးတက်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ အလေးထား ဆောင်ရွက်နေ၊ ဓါတ်အားခ သတ်မှတ်ရေး Stakeholder အားလုံး ပါဝင် ညှိုနှိုင်းစေမည်။

ရန်ကုန်တိုင်းလျှပ်စစ်ကိစ္စ ဝန်ကြီးချုပ်နှင့် ညှိုနှိုင်းနေ၊ လာမည့်နွေရာသီ လျှပ်စစ်ပေးနိုင်ရေး အစီအစဉ်များချမှတ်ထားသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုခွင့်ပြုသွားရန် ညှိုနှိုင်းပြီးပြီ။ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အား ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်များဖြင့် လည်ပတ်သွားရန် စီစဉ်ဆောင်ရွက်နေပြီ။ Stock Exchange တွင် ပါဝင် listed နိုင်သည်အထိ ဆောင်ရွက်သွားမည်။

လက်လီလုပ်ငန်းများဖွံ့ဖြိုးရေး

လက်လီလုပ်ငန်းများဖွံ့ဖြိုးရေးတွင် ဈေးကွက်လိုအပ်ချက်ကို အခြေခံကာ နိုင်ငံခြားမှ အောင်မြင်သည့် ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံခွင့်ပေးရေး၊ လက်လီအရောင်းဆိုင်ကြီးများတွင် မြန်မာ SME လုပ်ငန်းများ၏ ထုတ်ကုန်များအား အားပေးရောင်းချစေရေး၊ Supply Chain တစ်ခုလုံးအား ဖွံ့ဖြိုးစေရေး၊ အရောင်းဆိုင်ကြီးများအား မြို့လယ်တွင်သာမဟုတ်ပဲ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကိုက်ညီစွာ မဟာဗျူဟာကျစွာ နေရာချထားနိုင်ရေး ကိစ္စရပ်များကို ဝန်ကြီးနှင့် အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး၊ တွဲဖက်အတွင်းရေးမှူး ဦးအေးဝင်းတို့က ဆွေးနွေးခဲ့ကြသည်။

အသေးစားချေးငွေကဏ္ဍ

နိုင်ငံခြားဘဏ် ၁၃ ဘဏ်မှ Corporate banking service ဝန်ဆောင်မှုများပေးအပ်နိုင်စေရေး၊ အာမခံလုပ်ငန်းများအား ဖွံ့ဖြိုးလာစေရေး၊ မြန်မာ့ SME များ စာရင်းပညာ၊ ဘဏ်လုပ်ငန်းပညာ စသည့် စီးပွားရေးလုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများ ဖြန့်ဝေရေး၊ အသေးစားငွေကြေးအဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရေး၊ ငွေကြေးအထောက်အပံ့နှင့် ချေးငွေ ဝန်ဆောင်မှုများကို မြို့ပြတွင်သာမဟုတ်ပဲ ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ပြည်နယ်များသို့ပါ ရောက်ရှိနိုင်ရေး၊ Mobile Money စနစ်တိုးတက်လာရေး တို့ကို အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး တို့က ဆွေးနွေးခဲ့သည်။ (ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အသင်းချုပ်သင်တန်းကျောင်းတွင် Business Service Provider သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းဆင်းများအား အသင်းချုပ်မှ လစာပေးကာ မြန်မာ့ SME များအား စီးပွားရေးအသိပညာဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်သွားရန် စီစဉ်လျက်ရှိပါသည်။) E-Governance Data Security နှင့် Cyber Security စနစ်များနှင့် မူဝါဒများ ချမှတ်ဖော်ဆောင်ရေး၊ IT Infrastructure များ ဖွံ့ဖြိုးလာရေး၊ SME များအတွက် နည်းပညာအထောက်အကူများ ပေးအပ်နိုင်ရေးတို့ကို အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ပြီး Microfinance, မွေးမြူရေး၊ ရေလုပ်ငန်းနှင့် IT ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ပူးပေါင်းလုပ်ဆောင်နိုင်မည်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

© 2017-2024 MEOMA (Myanmar Edible Oil Millers Association). All rights reserved. Web Design by NetScriper